Saturday, July 19, 2008

Unforgettable Maytar's Day!

Image Hosted by ImageShack.us

"မထက်က ဒီနေ့ ရုံးမသွားဘူးလား..."

"အဲ.. ဒီနေ့တောင် ရုံးမပိတ်ရင်လည်း အဲဒီ Company မှာ ငါမလုပ်တော့ဘူး"

"အမ် ဒီနေ့က ဘာနေ့မို့လို့လဲ အမရဲ့"

"အမလေး.. နင်တစ်ကယ်မသိလို့ မေးနေတာလား.. ဇူလိုင်လ ၁၉ ရက်နေ့လေ ဟယ်.."

"သြော ၁၉ ဇူလိုင်ဆိုတော့ အာဇာနည်နေ့ပေါ့.. ဟီး မေ့လို့နော် အမ. ဟုတ်သားပဲ"

အိမ်မှာ ကျွန်မနဲ့ အတူနေတဲ့ ညီမလေးတစ်ယောက်က ကျွန်မကို မနက်က အဲလိုမေးလာလို့ အံ့သြရပါတယ်။ ဘွဲ့ရပြီးသား တစ်ယောက်ပါ။ ငယ်ငယ်တုန်းက မြန်မာ့သမိုင်းကြေစရာ မလိုပါဘူး။ ဒီနေ့ဟာ မမေ့အပ်သော နေ့ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိနေရမှာပါ။ ဒါပေမယ့် လတ်တလောမှာ အသက် ၂၀ နှစ်နှင့် အောက်မှာရှိကြတဲ့ လူငယ်လေးတွေ အမေ့အမေ့အလျောလျောပဲ ဖြစ်နေကြတယ်။ တစ်ချို့တွေဆို အာဇာနည်နေ့ ဘာကြောင့်ဖြစ်လာမှန်းတောင် ဂဃနဏ မသိကြတော့ဘူး။ အဆိုတော် Rဇာနည် အခွေစထုတ်တဲ့ နေ့လားလို့တောင် နောက်ပြောင်ပြီး ပြောဆိုနေကြသေးတယ်။ မေ့နေကြတဲ့ သူတွေကို အပြစ်တင်လို့လည်း မရပါဘူးရှင်။ အမှုမဲ့ အမှတ်မဲ့ နေကြရင် အချိန်ကာလ ကြာလာတာနဲ့အမျှ မေ့သွားကြမှာပါပဲ။ အရေးကြီးတဲ့ နေ့တစ်နေ့၊ မမေ့သင့်တဲ့ နေ့တစ်နေ့ကို အခုလို တစ်ချို့လူတွေ မေ့နေကြရတာဟာ မေ့အောင်လုပ်နေကြတဲ့ လူတစ်ချို့ကြောင့်ပဲလို့ ပြောချင်ရုံမှတစ်ပါး မရှိတော့ပါဘူး။

ဒီနေ့ ဘာမှ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေ မရှိပါဘူး။ ဒီနေ့ ဘယ်ဘစ်ကားမှာမှ အလံတွေ လွှင့်မထားကြပါဘူး (နေ့ထူး နေ့မြတ်တွေမှာ အလံလွှင့်လေ့ ရှိပါတယ်)။ ဒီနေ့ထုတ်တဲ့ ဘယ်သတင်းစာမှာမှ အာဇာနည်အကြောင်းလေးကို ၀တ်ကျေ တန်းကျေတောင် ရေးမထားကြပါဘူး။ ဒါပေမယ့် ဒီနေ့မှာ ရွှေတိဂုံ ဘုရားပတ်ဝန်းကျင်မှာတော့ လမ်းတွေ ပိတ်ထားတယ်။

လွန်ခဲ့သော ၆၁ နှစ်က ဒီနေ့မှာ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်ဆောင်ကြီးများကို လေးစားစွာ အလေးပြုလိုက်ပါတယ်။

Wednesday, July 16, 2008

I was Taged by Ko Thagyan

ကိုသင်္ကြန်က ကျွန်မကို "tag" လိုက်တော့... သူ့ရဲ့ လူသားဘ၀ ခံစားမှုကို ကျွန်မလည်း ကိုယ်တိုင်ခံစားဖို့ အကြောင်းဖန်လာတာပေါ့ရှင်။ ကျွန်မ ရေးတာ ကြာနေလို့ ထင်တယ်.. ကိုသင်္ကြန်ကတောင် လှမ်းမေးနေသေးတယ်.. မပြီးသေးဘူးလား ပင့်ကူရေတဲ့။ ဟုတ်ပါ့ရှင် ကျွန်မကလည်း ရေးလိုက် ပြန်ဖျက်လိုက် လုပ်နေတာကိုး။ သူကတောင် ဆက်မေးသေးတယ် ဘာတွေများ ရေးနေလို့တုန်းတဲ့။ သြော် ကိုသင်္ကြန်ရယ် မသေချင် Obama နဲ့ လက်ထပ်သွားချင်တဲ့ အကြောင်းလေး ရေးနေတာပါလို့ ဟဲဟဲ.... နည်းနည်း လျှော့ပါအုံး ပင့်ကူရယ် တွမ်ခရုစ် လောက်ဆို တော်ရောပေါ့တဲ့။ အို မင်းသားတွေ ကျွန်မ မကြိုက်ပါဘူးရှင်။ ခုယူလိုက် ခဏနေကွဲလိုက်နဲ့... တော်ကြာ ကျွန်မ သတင်းက မီဒီယာတွေထဲ ဟိုးဟိုးကျော်နေရင် ရှက်စရာ ကောင်းသားနော်.. :D

အင်း ပေါတာလေး ခဏလျှော့ပြီး လူသားဘ၀ အကြောင်းလေးကို ဆက်ရေးလိုက်ပါအုံးမယ်။ လူရယ်လို့ ဖြစ်လာရင် စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာ၊ အလုပ်လုပ်တာ၊ ပညာသင်တာနဲ့ပဲ ဘ၀ကြီးက ပြီးဆုံးရတော့မှာလားရှင်။ အချစ် ဆိုတာဘာလဲ ဆိုတာကို ဖွင့်ဆိုရ ခက်သလိုပါပဲ.. လူ့ဘ၀ ဆိုတာ ဘာလဲ ဆိုတာကို ပညာရှင်တွေက အမျိုးမျိုးဖွင့်ဆိုကြလိမ့်မယ် ထင်ပါတယ်။ နောက်တစ်ခုက လူ ရယ်လို့ ဖြစ်လာမှတော့ လူနဲ့တူတဲ့ အလုပ်တွေ၊ လူသားဆန်တဲ့ အပြုအမူတွေ၊ လူပီသတဲ့ နေထိုင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းမှ တော်ကာကျမှာပေါ့။ အဲတော့ ဒါတွေဟာ ဘယ်လိုနေထိုင်မှုတွေလည်း၊ လူသားဆန်တယ်ဆိုတာ ဘာလဲ၊ လူပီသတယ်ဆိုတာ ဘာလဲ ဆိုတာတွေ မေးလာနိုင်ပါတယ်။ ကျွန်မ မဖြေလိုပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွေးနဲ့ သူများအတွေး မတူညီခဲ့လျင် အငြင်းပွားစရာလေးများ ဖြစ်လာမှာ စိုးလို့ပါ။

ကျွန်မရော မသေခင်လေးမှာ လူ တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ချင်လဲ။ ကျွန်မ ဘာတွေလုပ်မှာလဲ ကိုယ့်ကိုကိုယ့် ပြန်မေးပြီး ကိုသင်္ကြန်လိုပဲ အဖြစ်ချင်ဆုံး၊ အလုပ်ချင်ဆုံး အချက်ကလေးတွေ ရေးပါ့မယ်။

နံပတ် (၁) က ကျွန်မနဲ့ personally ပတ်သက်ပါတယ်။ ကျွန်မ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေး တစ်ခုကို ဖန်တီးချင်ပါတယ်။ Obama တွေ ဘာတွေနဲ့ လက်မထပ်ရချင်လည်း နေပါစေလေ။ ကျွန်မ မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်သလိုပဲ ကျွန်မရဲ့ မျိုးဆက်သစ်ကလေးတွေကို လောကကို အလှဆင်နိုင်တဲ့ လူသားကလေးတွေ ဖြစ်အောင် သွန်သင်ပေးချင်ပါတယ်။ ကျွန်မ မလုပ်နိုင်ခဲ့ သမျှကို လုပ်ဖို့ သူတို့ကို တာဝန်တွေ ပေးခဲ့ချင်တယ်။

နံပတ် (2) ကျွန်မ ပတ်ဝန်းကျင်နဲ့ လူ့လောက အတွက် တတ်နိုင်သလောက်လေး ကောင်းတာလေးတွေနဲ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ကောင်းတာလေးတွေ ဆိုတဲ့အထဲမှာ မရှိဆင်းရဲတွေကို ထောက်ပံ့ပေးတာ၊ ထောက်ပံ့ပေးရုံတင်မက ကိုယ်တိုင် ဘ၀ တစ်ခုကို ထူထောင်နိုင်ဖို့ သင်ကြားပေးတာ၊ ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ၊ စိတ်ကို အတတ်နိုင်ဆုံး ရှင်းအောင်ထားဖို့ အားပေးတာတွေ၊ အိုမင်းမစွမ်းတွေအတွက် အချိန်တစ်ခုပေးပြီး စောင့်ရှောက်တာတွေ၊ ပရဟိတ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင် လုပ်ကိုင်ပေးတာ စတာတွေပါ ၀င်ပါတယ်။

နံပတ် (3) ကျွန်မအတွက် ကျွန်မတို့ နောက်မှာ လာမယ့် ကလေးတွေအတွက် နိုင်ငံတော် ကောင်းစားတာကို မြင်သွားချင်တယ်။ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီချင်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စာပေ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က တိုးတက်ပြီး ပြည်သူပြည်သားတွေကို ရင်ဝယ်သားတွေလို အုပ်ချုပ်တဲ့ အစိုးရ ပေါ်ထွန်းတာကို တွေ့သွားချင်တယ်။

နံပတ် (4) သေသွားပြီးတဲ့ နောက်ဘ၀အတွက် အလုပ်ကလေးတွေ ဆက်လုပ်သွားမယ်။ တရား ဘာဝနာ ကိုတတ်နိုင်သလောက်လေး ပွားများပြီး ဘ၀ကူကောင်းအောင် လုပ်သွားချင်တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ၊ သံသရာကို ယုံကြည်တဲ့ သူတစ်ယောက်ပီပီ သံသရာရဲ့ ကောင်းရာ သူဂတိမှာ ကျင်လည်နိုင်စေဖို့ ကြိုးစားသွားချင်တယ်။

နံပတ် (5) ကျွန်မရဲ့ မိဘ နှစ်ပါးကို ကျေးဇူးဆပ်ချင်တယ်။ စိတ်ချမ်းသာအောင် ထားချင်တယ်။ အိုကံ ကောင်းစေချင်တယ်။ အိုကံ ကောင်းဖို့က သမီးလုပ်တဲ့ ကျွန်မအပေါ် အများကြီး မူတည်နေပါတယ်။ မိဘကို ပြည့်စုံအောင် ထားပေးချင်တယ်။ မိဘတွေ မသေခင်မှာ ကျွန်မကို သူတို့ စိတ်ချရလောက်တဲ့ အခြေအနေမှာ ရှိနေတာကို မြင်သွားစေချင်တယ်။

နံပတ် (6) အပေါ်က (5) ချက်စလုံးကို ကျွန်မ အတတ်နိုင်ဆုံး လုပ်ဖြစ်အောင် လုပ်သွားမယ်။

ကိုသင်္ကြန်ရေ ကျေနပ်တော့နော်။


Tuesday, July 15, 2008

2010 ကိုမျှော်လေသော်...

2010.....

ခုတစ်လော ၂၀၁၀ ဆိုတဲ့ ဂဏန်းလေး အကြောင်း ကျွန်မ ခဏ ခဏ တွေးနေမိတယ်။ ၂၀၁၀ ကျရင် ကျွန်မ ဘယ်ဆီ ရောက်နေမလဲ၊ ဘာတွေလုပ်နေမလဲ။ ၂၀၁၀ မှာ လူတွေ ဘာဖြစ်နေမလဲ၊ ဘယ်အရာ နောက်ကို တစ်ကောက်ကောက် လိုက်နေကြမလဲ။ ၂၀၁၀ မှာ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေ ဘာများ ဖြစ်လာမှာလဲ။ မြန်မာနိုင်ငံကြီးရော ၂၀၁၀ မှာ ဘာဖြစ်နေလိမ့်မလဲ။

သေချာတာကတော့ ၂၀၁၀ ရောက်ရင် ကျွန်မ အသက် (၂) နှစ်လောက် ထပ်ကြီး လာမှာပေါ့။ ဒါကတော့ ပြေးမလွတ်တဲ့ ပြောင်းလဲမှုပဲလေ။ နောက်ပြီး ၂၀၁၀ မှာ နိုင်ငံကြီးမှာ ရွေးကောက်ပွဲ စမယ်ဆိုပဲ။ "အေးချမ်း သာယာ၍ ခေတ်မီ ဖွံ့ဖြိုးပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို စတင်မယ်ဆိုပဲ" (ရှည်လိုက်တာနော်)။ နိုင်ငံရေးတွေ ဘာတွေ ကျွန်မသိပ်တော့ စိတ်မ၀င်စားပါဘူး။ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ၂၀၁၀ မှာတော့ မူဝါဒတွေ ပြောင်းလဲရတော့မှာပေါ့။ ကျွန်မ စိတ်ဝင်စားတာက မြန်မာနိုင်ငံနဲ့လည်းဆိုင် အာဆီယံနဲ့လည်း ဆိုင်တဲ့ စီးပွားရေး စာချုပ်လေး တစ်ခုဖြစ်တဲ့ AFTA (Asian Free Trade Area) အကြောင်းလေးကိုပါ။

ပြောတာကို ကြားရသလောက် ဆိုရင်တော့ ၂၀၁၀ ကစပြီး အာဆီယံ နိုင်ငံတွင်း အလကား ကုန်သွယ်လို့ရတော့မယ်။ ကုန်စည် စီးဆင်းမှုတွေ လျင်မြန်လာတော့မယ်။ AFTA အရ အကောက်ခွန်နှုန်းထားတွေလည်း ကျဆင်းပြီး နိုင်ငံခြားဖြစ် ပစ္စည်းတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ၀ယ်ယူတင်သွင်းနိုင်တော့မယ် ဆိုတော့ ကျွန်မစိတ်မ၀င်စားပဲ မနေနိုင်ဘူးရှင့်။ ကိုယ့်အတွက် မဟုတ်ပေမယ့် ကိုယ်လုပ်နေတဲ့ ကုမ္ပဏီအတွက်လောက် စဉ်းစားကြည့်ရင်လည်း မဆိုးဘူး မဟုတ်လား။ ပြီးတော့ မြန်မာနိုင်ငံ အနေနဲ့လည်း International Business ထဲကို အစလှမ်းနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုစတင်လို့ ရလာတော့မှာပေါ့။

ဒီတော့ ကျွန်မ ဥာဏ်မီသလောက်လေး တစ်ချက် တွေးမိတယ်ရှင့်။ Custom Duty "0" ဖြစ်တဲ့ အချိန်မှာ ကျွန်မတို့ နိုင်ငံရဲ့ အဓိက ပို့ကုန်က ဘာတွေ ဖြစ်မလဲ။ နိုင်ငံတစ်ကာကတော့ လာတော့မယ်လေ။ စီးပွားရေး ချဲ့ထွင်ဖို့၊ သူများနိုင်ငံမှာ Investment များများ လုပ်ဖို့၊ ကိုယ့်နိုင်ငံက ထုတ်ကုန်တွေကို နိုင်ငံခြားကို ပေါပေါများများ တင်သွင်းပြီး စီးပွားရှာဖို့။ စီးပွားရေး လမ်းကြောင်းတွေ တော်တော်ပွင့်သွားမယ့် အခြေအနေပါ။ ဒီလို အခြေအနေမှာ မြန်မာနိုင်ငံ အနေနဲ့ ကိုယ်က ဘာမှမသွင်းနိုင်ပဲ၊ သူများ export လုပ်လာတာကိုပဲ ခံပြီး အိတ်ထဲကပဲ ထုတ်နေမလား၊ နိုင်ငံရဲ့ Export အခြေအနေကကော ဘယ်လိုဖြစ်လာမလဲ၊ မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို ထုတ်ကုန်မျိုးကို များများ တင်ပို့ကြမှာလဲ။ ဆန်စပါးလား၊ ကျွန်းသစ်လား၊ ကျောက်မျက်လား၊ ကောက်ပဲသီးနှံလား ပြောရအောင် လက်ရှိ အခြေအနေကလည်း တော်တော် အားရစရာ ကောင်းလှတာကို။

ပြီးတော့ International Business ထဲကို ၀င်ရတော့မယ်ဆိုရင် နိုင်ငံအချင်းချင်း နားလည်မှုတွေ၊ ယုံကြည်မှုတွေ စည်းလုံးမှုတွေ ရှိနေရမယ်ထင်တယ်။ ကျွန်မတို့ Business လုပ်တဲ့ နေရာမှာတောင် လန်ဒန် ကုမ္ပဏီတစ်ခုကက လူလည်း မမြင်ဖူး၊ တွေ့လည်း မတွေ့ဖူး ပဲနဲ့ ဒီအတိုင်း email နဲ့ပဲ စာချုပ်တွေချုပ်၊ Bank Account နဲ့ ပိုက်ဆံတွေချေ လုပ်နေကြတာဟာ နားလည်စည်းလုံးလို့ပေါ့။ မြန်မာနိုင်ငံ အနေနဲ့ကော ဘာတွေ ပြင်ဆင်ပြီးပြီလဲ။ နိုင်ငံတွင်းမှာ ထိုးထွင်းကောင်းစားနေတဲ့ Company တစ်ခု နှစ်ကို ခဏဘေးဖယ်ထားပြီး နိုင်ငံလိုက်ကြီးက ဘာတွေလုပ်နေလဲ ဆိုတာကို ကျွန်မစဉ်းစား ကြည့်မိတာပါ။ အင်္ဂလိပ် လက်အောက်က လွတ်လာတာ နှစ် ၆၀ လောက်ရှိပြီ။ ခုချိန်ထိ "ပြည်ထောင်စု မပြိုကွဲရေ" ၊ " တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး" တွေ အော်နေရသေးတဲ့ နိုင်ငံက International ကို ဘယ်လိုများ ၀င်မှာပါလိမ့်။

နောက် တစ် ချက်က ပညာရေးပါ။ ၂၀၁၀ ရောက်လာတဲ့ အချိန်မှာ ASEAN ဒေသတွင်း Vacancy တစ်ခုပေါ်ရင် ဒေသတွင်း နိုင်ငံအချင်းချင်း လှမ်းလျှောက်လို့ရတယ်လို့ ပြောသံလည်း ကြားမိပါတယ်။ စင်ကာပူက Vacancy ကို မြန်မာနိုင်ငံက လှမ်းလျှောက်၊ အင်တာဗျူး၊ ကြိုက်ရင် ခန့်၊ နိုင်ငံခြားသားက အခန့်သားလေး လာလုပ်ပေါ့။ ခု လူတွေ နိုင်ငံခြား ထွက်ကြသလို အမောတကော အလုပ်ရှာစရာ မလိုတော့ဘူးပေါ့။ ဒီတော့ အလုပ်အကိုင် အခွင့်အလမ်းကလည်း တော်တော်လေးကို ကောင်းလာတော့မယ်ထင်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာတဲ့ အချိန်မှာ competition လည်းပိုများလာမယ်။ သူ့ထက်ငါ တော်သူတွေကို လုပ်ငန်းရှင်တွေက ပိုမျှော်လာကြတော့မယ်။ ဘယ်ကျောင်းက ထွက်တဲ့ သူကိုမှ ခေါ်မယ်၊ အလုပ်ခန့်မယ်၊ ဘယ်နိုင်ငံက လူကို ဦးစားပေးမယ်၊ အဲလိုတောင် ဖြစ်လာမလား မသိဘူး။ မြန်မာနိုင်ငံမှာ နေရာကောင်း တစ်ခု လစ်လပ်ရင်လည်း ဖိလစ်ပိုင်လို နိုင်ငံကနေ လှမ်းလျှောက်ရင် လျှောက်နေမှာ။ ပြောလို့တော့ မရဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဒီအချိန်မှာ သူ့နိုင်ငံသား ငါ့နိုင်ငံသား ကြည့်နေတော့မယ် မထင်ဘူး။ တော်ရင် ဘယ်သူ့ကို ဖြစ်ဖြစ် ခန့်လိုက်တော့မှာပဲ ထင်တယ်။

အဲဒီတော့ ကျွန်မတို့တွေ ဒီအခွင့်ကောင်းလို့ လက်မလွတ်ဖို့ ခုကတည်းက ကြိုးစားရတော့မှာပေါ့။ အရည်အသွေးတွေကို တတ်နိုင်သလောက် ဖြည့်ထားရတော့မှာပေါ့။ ဘွဲ့လက်မှတ်တွေ တစ်သီကြီး ရနေနိုင်အောင် ကြိုးစားရတော့မှာပေါ့။ တွေးကြည့်မိတယ်ရှင့်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မီ ကျောင်းတွေ၊ တက္ကသိုလ်တွေ ဘာတစ်ခုမှ မရှိဘူး။ ပညာရေး စနစ်ဆိုတာလည်း နာတာရှည် ရောဂါ ဖြစ်နေပြီလေ။ ဒီအတိုင်းသာ ဆက်သွားလို့ကတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးရတော့မှာလား။ ဒါမှ မဟုတ် နိုင်ငံခြားက ABE, ACCA, LCCI စတဲ့ စာမေးပွဲတွေကိုပဲ ပိုက်ဆံ အကုန်ခံပြီး ဖြေကြမလား။

နောက်တစ်ခုက Greater Mekong Subregion (GMS) ဆိုတာကလည်း စလာတော့မယ် ဆိုတော့ နိုင်ငံကို Tourism ကနေ ပိုက်ဆံရှာဖို့ အခွင့်အလမ်းကောင်းပေါ့။ ခုတော့ ဒီအခွင့်အလမ်းကောင်းကနေ ပိုက်ဆံရှာဖို့ မဆိုထားနဲ့ နိုင်ငံတကာက လုပ်တဲ့ Travel and Tourism Meeting တွေကို တက်တဲ့ လုပ်ငန်းရှင်တွေကတော့ အင်မတန်မှ မျက်နှာငယ်ရတယ်တဲ့လေ။ မင်တို့ရဲ့ လက်ရှိ အခြေအနေကိုပဲ ကောင်းအောင် လုပ်ကြပါအုံးး.. ရှေ့ဆက်ဖို့ အစဉ်းစားပါနဲ့အုံး ဆိုတဲ့ စကားလုံးမျိုးတွေကို ခဏ ခဏ အပြောခံရလေ့ ရှိတယ်ဆိုပဲရှင့်။

ဘာပဲ ပြောပြော ၂၀၁၀ ကတော့ မကြာခင်မှာ လှလှပပကြီးကို ရောက်လာတော့မှာပါ။ ဘာတွေ ဖြစ်မလဲ ဘာတွေပြောင်းလဲ မလဲဆိုတာကိုတော့ ဇတ်ခုံပေါ်မှာပဲ ရှုစားရတော့မှာပေါ့ရှင်။

Sunday, July 13, 2008

16 Must Read Articles For Bloggers

Tips for Blog Marketing လို့ ဆရာလုပ်ပြီးနောက်မှာ အရှိန် မသေသေးတာနဲ့ပဲ ဘလောဂ့်ဂါတိုင်းဖတ်ရမယ့် ပိုစ့် 16 ခုကို ဆက်လက်မျှဝေ လိုက်ပါတယ်။ ဒီအတိုင်း လိုက်လုပ်ရမ်လို့ မဆိုလိုပါဘူးရှင်။ အထင်မှား၊ အမြင်မှား၊ နားလည်မှု မှားမှာကို ကြောက်တတ်လို့ပါ။ ဗဟုသုတ အနေနဲ့မျှ ဝေတဲ့ သဘောလေးပါ။ ဆရာမကြီးလို့ မခေါ်ကြေးနော် :P

1. Declaring War On Blogger Apathy
Darren Rowse (ProBlogger)

2. 10 Sure-Fire Headline Formulas That Work
Brian Clark (CopyBlogger)

3. How To Beat Writer’s Block
Liz Strauss (Successful Blog)

4. Conversational Writing Kicks Formal Writing’s Ass
Kathy Sierra (Creating Passionate Users)

5. Top 10 Blogging Lessons Learned on Traffic, Monetization, and Life
Wendy Piersall (Sparkplugging)

6. 10 Blogging Mistakes To Avoid
John Chow

7. The 120 Day Wonder: How to Evangelize a Blog
Guy Kawasaki

8. Do You Have What It Takes To Be A Professional Blogger?
Yaro Starak (Entrepreneur’s Journey)

9. Top 10 Design Mistakes
Jakob Nielson

10. What Do You Do When Someone Steals Your Content
Lorelle VanFossen (Lorelle on Wordpress)

11. 5 Quick and Easy Ways To Stop Blog Spam Before It Hits Your Blog
Jeremy Schoemaker (Shoemoney)

12. 101 Ways to Build Link Popularity
Andy Hagans and Aaron Wall (SEO Book)

13. 21 Tactics to Increase Blog Traffic
Rand Fish (SEOmoz)

14. SEO Advice: Linkbait And Linkbaiting
Matt Cutts (Google Engineer)

15. Google Adsense Tips, Tricks, and Secrets
Michael Gray (Graywolf’s SEO Blog)

16. How To Make Money From Your Blog
Steve Pavlina

Tuesday, July 8, 2008

Tips for Blog Marketing

ခုနောက်ပိုင်းမှာ မြန်မာ ဘလောဂ့်ဂါတွေ များပြားလာတာ အားရစရာ ကောင်းလှပါတယ်။ ဒါပေမယ့် များပြားလွန်းလှတဲ့အတွက် တစ်ချို့ဘလောဂ့်တွေကိုဆို သိတောင် မသိနိုင်လောက်အောင်လည်း ဖြစ်တတ်ပါတယ်။ ကိုယ့်မှာလည်း အချိန်က နည်းပါးလှတဲ့အတွက် ဖတ်နေကျ ဘလောဂ့်လေးတွေကိုပဲ အလျင်းမီအောင် မနည်းဖတ်နေရတယ်လေ။ အသစ် အသစ်သော ဘလောဂ့်တွေထဲမှာ အရမ်းကောင်းတဲ့၊ လူစိတ်ဝင်စားတဲ့ ပိုစ့်မျိုးကို တင်နိုင်တဲ့ သူတွေကိုလည်း အားကျမိပါရဲ့။ ကိုယ်လည်း လူတိုင်းအတွက် အကျိုးရှိမယ့် ပိုစ့်မျိုးတွေချည်း ရွေးတင်ချင်ပေမယ့် အစွမ်းအစက မရှိတော့လည်း တတ်သလောက် မှတ်သလောက်လေးသာ တင်ပေးနေရတာပေါ့။ များပြားလွန်းလှတဲ့ ဘလောဂ့်ဂါတွေကြားမှာ ကိုယ့်ဘလောဂ့်ကို လူသိအောင်လုပ်ဖို့ဆိုတာ တော်တော်တော့ ခက်ခဲလှပါတယ်။ ကိုယ်ကလည်း လူတိုင်းကို ကိုယ့်မှာ ဘလောဂ့်ရှိကြောင်း လိုက်မပြောနိုင်သလို၊ ဘလောဂ့်ဂါတိုင်းကလည်း ကိုယ့်ဘလောဂ့်ကို လာဖတ်၊ မဖတ်ဆိုတာ မသေချာပါဘူး။

ကျွန်မတွေ့ရသလောက် တော်တော်များများကတော့ စီဘောက်တွေမှာ လင့်တွေလိုက်ထည့်၊ ပိုစ့်အသစ်တင်ရင် တင်ထားကြောင်း အသိပေးတာတွေ လိုက်အော်၊ ပိုစ့်အသစ်ကို အီမေလ်းနဲ့ တတ်နိုင်သလောက်လွှတ်ကြတာမျိုးတွေ လုပ်ကြတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေတော့ ဘယ်လိုနေလဲ မသိဘူး။ ကျွန်မ အနေနဲ့ကတော့ အဲလိုမျိုးတွေ လက်ခံ ရရှိရင် တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ တစ်ခါ နှစ်ခါလောက်ကတော့ ပြသနာမဟုတ်ပေမယ့် အမြဲတမ်းကြီးဆိုရင်တော့ နည်းနည်း စိတ်တိုချင်လာပါတယ်။ ကိုယ့်စီဘောက်မှာ ခဏ ခဏ လာအော်ကြရင် ငါစီဘောက်ထားတာ ကြော်ငြာလက်ခံဖို့အတွက်လား လို့တောင် ထင်လာမိတယ်။ ကျွန်မလည်း ရံဖန် ရံခါကလွဲရင် မလုပ်မိဘူး။ သူများတွေဆီမှာ သွားအော်ရင်လည်း လာလည်တယ်၊ လာဖတ်တယ်၊ ဒီလောက်ပဲ အော်ဖြစ်တာ များပါတယ်။

ပြီးတော့ မြန်မာဘလောဂ့်ဂါတွေမှာ (တော်တော်များများမှာ) အတွေးတစ်ခုရှိတတ်တာက လာဖတ်မိပေမယ့် စီဘောက်မှာများ မအော်မိရင်၊ ကွန်းမန့်လေးများ မပွတ်မိခဲ့ရင် ငါ့ဘလောဂ့်ကို သူလာမဖတ်ဘူးလို့ အထင်လေးများ ရှိတတ်ကြပါတယ်။ အချိန်လုပြီး ဖတ်ရတဲ့ အခါမျိုးမှာ၊ အရေးအသားတွေ ကောင်းလွန်းလို့ မျောသွားတဲ့ အခါမျိုးမှာ စီဘောက်မှာအော်ဖို့ မေ့သွားတတ်တာမျိုးလည်း ရှိပါတယ်။ ဒီတော့ ကိုယ့်ဘလောဂ့်ကို လူသိဖို့အတွက် Blog Marketing လုပ်နည်းလေးကို ကျွန်မတွေးမိသလောက်လေး ချပြချင်ပါတယ်။

၁) ကိုယ်ဘလောဂ့် လုပ်တဲ့အခါ Type Of Blog ကို ရွေးဖို့လိုပါတယ်။ ကိုယ့်ဘလောဂ့်ရဲ့ အကြောင်းအရာတွေဟာ computer, Fun and Entertainment, Knowledge and Education, Beauty and Fashion, Photo and Digital Art, Technology, Art and Literature, News, Personal Dirary စတာတွေကို သေသေချာချာလေး သတ်မှတ်ပြီး ရေးစေချင်ပါတယ်။ ဟိုအကြောင်း ဒီအကြောင်းတွေ ရောရေးတာမျိုးထက်စာရင် အကြောင်းအရာ တစ်ခုတည်းကို သတ်သတ်မှတ်မှတ် ရေးတာက ဖတ်ရတဲ့ သူတွေအတွက် ပိုကောင်းသလို recognition လည်း ပိုတက်စေပါတယ်။

၂) အကယ်၍ စိတ်ကူးထဲမှာ ပေါ်လာတာလေးတွေကို အကုန်လျှောက်ရေးတဲ့ ဘလောဂ့်မျိုးဖြစ်ရင်တော့ အရေးအသားနဲ့ creation ကို ဦးစားပေးရ ပါလိမ့်မယ်။ လာဖတ်သူများ အတွက် တစ်ခုမဟုတ် တစ်ခု ရသွားစေတာမျိုး မဟုတ်ရင်တော့ ရီစရာမောစရာ၊ အပျင်းပြေ သဘောမျိုးလေးတွေ ဖြစ်နိုင်ရင် ပိုကောင်းပါတယ်။

၃) စီဘောက်တွေမှာ ပိုစ့်သစ်တင်တိုင်း အချိန်ကုန်ခံပြီး လိုက်အော်နေစရာ မလိုပါဘူး။ နာမည်ကြီးပြီးသား ဘလောဂ့်ဂါ တစ်ယောက် နှစ်ယောက်လောက်ကို ညာတာ ပါတေးနဲ့ လင့်ချိတ်ခိုင်းထားရင် လုံလောက်ပါတယ်။ ကိုယ့်ရဲ့ အရေးအသားတွေလည်း ကောင်းတယ်၊ ဖတ်ရတာ အကျိုးလည်းရှိစေမယ်၊ တစ်ခု မဟုတ် တစ်ခုကြောင့်တော့ ကိုယ်တင်ထားတဲ့ ပိုစ့်တွေဟာ ကောင်းနေမယ်ဆိုရင် လူတွေများများ လာဖတ်ပါလိမ့်မယ်။ ကိုယ်က ဘယ်သူတွေ လာဖတ်တယ်ဆိုတာ သိနေစရာ မလိုပါဘူး။ လာဖတ်တဲ့ သူတွေက ကိုယ့်ကို သိနေပါလိမ့်မယ်။

၎) စီဘောက်မှာ အော်တာထက်၊ ကွန်းမန့် ပွတ်တာဟာ လူတစ်ယောက်ကို ပိုပြီးတော့ appreciate လုပ်ရာ ရောက်ပါတယ်။ ကိုယ့်ဘလောဂ့်ကို သူ့ကိုလည်း လာဖတ်စေချင်တယ် ဆိုရင် သူ့ရဲ့ ပိုစ့်တွေမှာ ကွန်းမန့်သွားပွတ်လိုက်ပါ။ ကျွန်မကိုလည်း ကွန်းမန့်လေး ချီးမြှင့်ပါအုံး၊ ကျွန်တော့်ဆီလည်း လာပါအုံးလို့ မခေါ်ပါနဲ့။ အချိန်တစ်ခုကို စောင့်ပါ။ သူကိုယ့်ဆီ ရောက်လာမှာပါ။ လာပါ၊ လည်ပါ ခေါ်ရင် လူရဲ့ ရွဲ့တတ်တဲ့ သဘောသဘာဝအရ မလာချင်၊ မသွားချင်တောင် ဖြစ်သွားနိုင်ပါသေးတယ်။ ကျွန်မဆို အဲလိုပါပဲ "ပိုစ့်အသစ် တင်ထားတယ်နော်၊ ကျွန်တော့ ဘလောဂ့်မှာတော့ ဘာဖြစ်နေပြီနော်၊ မဖတ်ရင် နောက်ကျသွားနိုင်တယ်နော်" စသည်ဖြင့် လာပြောရင် သွားကို မသွားချင်တော့ပါဘူး။

၅) Blog Title တွေကို အင်္ဂလိပ်လို ရေးတင်တာဟာ Google လိုမျိုး search engine တွေက ကိုယ့်ဆီလာဖို့ ပိုမိုလမ်းညွှန်ပေးတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။ နိုင်ငံတစ်ကာက လူတွေတော်တော်များများဟာ အင်္ဂလိပ်လိုပဲ စာရိုက်ပြီး ရှာဖွေကြပါတယ်။ အဲတော့ ဘယ်နိုင်ငံက ဘယ်လိုလူမျိုးပဲ ရှာရှာ၊ ကိုယ့်ရဲ့ Blog Title ဟာ သူတို့ ရှာတာ တစ်ခုခုနဲ့ ငြိတယ်ဆိုတာနဲ့ Google တို့ Yahoo တို့က ကိုယ့်ရဲ့ လင့်ကိုလည်း ဖော်ပြပေးပါလိမ့်မယ်။ ရောက်လာကာမှ Blog Body Text တွေက ဗမာလို ဖြစ်နေလို့ သူတို့တွေ မဖတ်တတ်ကာမှ နေရော အနည်းဆုံးတော့ 1 hit တက်တာပေါ့ရှင် (ပင့်ဂိုလ်းတို့ လုပ်စားနေတာလေ.. အဲလို ဟဲဟဲ)

၆) ဖိုရမ်တွေ၊ တစ်ခြား သတင်းဆိုဒ်တွေ၊ ကိုယ်နှစ်သက်တဲ့ blogger တွေကို Link လုပ်ပေးပါ။ ဒါဟာလည်း ကောင်းတဲ့ နည်းလမ်းလေး တစ်ခုဖြစ်တဲ့ အပြင်၊ တစ်ခြား အပြင်လူတွေ (ဘလောဂ့်ဂါ မဟုတ်တဲ့ သူတွေ) က တစ်ခုခုကို ရှာချင်လို့ search engine တွေမှာ ရှာတဲ့ အခါမျိုးမှာ ကိုယ့်ဆီကိုလည်း ညွှန်းပေးတတ်တာကြောင့် အဲဒီကနေ တစ်ဆင့်လည်း ဘလောဂ့်ကို လူသိနိုင်ပါတယ်။

၇) ဘလောဂ့် ရေးတာအပြင် တစ်ခြား community website, forum စတာတွေကိုလည်း သူံးပါ။ ကိုယ့်ရဲ့ personal profile မှာဖြစ်ဖြစ်၊ tag, signature စတာတွေမှာ ဖြစ်ဖြစ် blog url လေးကို ထည့်ပေးထားခြင်းဟာလည်း blog marketing လုပ်တဲ့ နည်းလမ်းကောင်း တစ်ခုပါ။

၈) ကိုယ့်ဘလောဂ့်ကို သူများက လင့်သည်ဖြစ်စေ၊ မလင့်ထားသည် ဖြစ်စေ၊ ကိုယ်က လင့်ခ်လုပ်ထားလိုက်ပါ။ ဘလောဂ့်ဂါတွေဟာ ကိုယ့်ဆီကို တစ်နေ့ လူဘယ်လောက်လာသလဲ ဆိုတာကိုတော့ အမြဲကြည့်လေ့ရှိကြပါတယ်။ Refer sites တွေထဲမှာ ကိုယ့်ဆိုဒ်လေးက ခဏ ခဏ ပါလာတတ်ရင် သူလည်း ကိုယ့်ကို သတိထားမိပြီး ကိုယ့်ဆီရောက်လာပါလိမ့်မယ်။ ကျွန်မကိုဆို ကျွန်မကတောင် မသိပဲ လင့်ထားတဲ့ သူတွေ တော်တော်များများ တွေ့ရပါတယ်။ အဲတော့ ကျေးဇူးတင်တဲ့ အနေနဲ့ သူတို့တွေဆီ အမြဲတမ်း သွားဖတ်ဖြစ်ပါတယ်။ ဘာမှ မပြောခဲ့တာသာ နေမှာ ပုံမှန်တော့ ရောက်ဖြစ်နေတာပေါ့။

၉) ပိုစ့်တွေကို Udate လုပ်ပါ။ နေ့တိုင်း ပိုစ့်တင်ခြင်းဟာ ဖတ်ရသူကို အလျင်းမမီသလို ဖြစ်စေပါတယ်။ တစ်ပတ်ကို သုံးကြိမ်လောက် update လုပ်ခြင်းက ဘလောဂ့်ကို အသက်သွင်းရာလည်းရောက်၊ ကိုယ့်ရဲ့ ပရိတ်သတ်ကိုလည်း ပုံမှန်လေး ဖျော်ဖြေရာ ရောက်ပါတယ်။ တစ်နေ့တည်းမှာ ပိုစ့်တွေ ပြုံတင်တာတို့၊ နေ့တိုင်းတင်တာတို့ စတာတွေဟာ ကောင်းပေမယ့် ပုံမှန်ဖတ်နေကျ သူတွေ အကြောင်းတစ်ခုခုကြောင့် မအားလို့ ပုံမှန်လေးများ မလာမိရင် ပြန်လာတဲ့ အချိန်မျိုးမှာ သူတို့ကို မနိုင်မနင်းတွေ ဖတ်ခိုင်းရာ ရောက်ပါတယ်။

၁၀) နောက်ဆုံး တစ်ခုကတော့ ၀ုန်းခနဲ၊ ဒိုင်းခနဲ နာမည်ကြီးချင်ရင် ခေတ်မီအောင် နေပါ။ ပြောချင်တာက နာဂစ် ဖြစ်ရင် နာဂစ် အကြောင်းတွေချည်း တင်ပါ၊ Revolution ဖြစ်ရင် အဲဒီ အကြောင်းတွေချည်းတင်ပါ။ ဘလောဂ့်ဂါ ဆိုတာ အွန်လိုင်းရဲ့ သတင်းထောက်တွေပါ။ ကိုယ့်ပတ်ဝန်းကျင်က ထူးခြားဖြစ်စဉ်တွေကို Print Media တွေမှာ မတင်ခင် ဦးအောင် တင်နိုင်ရင်လည်း နာမည်ကြီးတာပေါ့ရှင်.. ဟဲဟဲ။

ကျွန်မ ပြောချင်တာတွေ၊ အာချောင်ချင်တာတွေတော့ အာချောင်ပြီး သွားပါပြီး။ လိပ်ဦးနှောက်နဲ့ တွေးထားတာ လေးတွေဆိုတော့ ဒီအတိုင်းလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ လက်မခံနိုင်စရာ အကြောင်းတွေလည်း ပါပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် ပိုစ့်တစ်ခုတော့ ဖြစ်သွားတာပဲ.. အဟိ။ ကိုယ့်ဟာ ကိုယ်လည်း ဆန်းစစ်ကြည့်လိုက်အုံးမယ်။ အဲလိုလုပ်ရင် တစ်ကယ်များ နာမည်ကြီးမလားလို့လေ။ ကျွန်မတောင် အပေါ်က နည်းတွေအတိုင်း မလုပ်ရသေးဘူးနော်။ ခုမှ စလုပ်ဖို့ စဉ်းစားကြည့်မှာ။

ကမ္ဘာမှာ နာမည်ကြီးတဲ့ SEOmoz Blog မှာတော့ 21 Tactics to Increase Blog Traffic ဆိုပြီး အခုလို ရေးထားပါတယ်ရှင်။